Monday, March 29, 2010

ရည်မှန်းချက်နှင့် ပန်းတိုင် (အပိုင်း ၃)၊ စာစီစာကုံးတည်းဖြတ်ခြင်း


ကျွန်တော်ပညာသင်ယူနေသောကျောင်းမှာ အမေရိကန်အနောက်အလယ်ပိုင်း၏
အကြီးဆုံးကောလိပ်တခုဖြစ်ပြီး သည်ကျောင်းတော်တွင် ပညာရင်နို့သောက်စို့နေသူ ကျောင်းသားပေါင်း သုံးသောင်းကျော်ရှိပါသည်။ ကျွန်တော်တို့ကောလိပ်တွင် နှစ်ပါတ်လည်စာစီစာကုံးပြိုင်ပွဲ နှစ်စဉ်ပြုလုပ်ပါသည်။ ပြီးခဲ့သည့်နှစ်က ပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲ၏ ဆုရရှိသူများထဲတွင် ကျွန်တော်လည်းတဉီး အပါအဝင် ဖြစ်ခဲ့ပါသည်။ သို့ဖြင့် စာစီစာကုံးဆုရှင် ကျောင်းသားတဉီးလည်းဖြစ်၊ ဂုဏ်ထူးတန်းတွင်တက်ရောက်နေသည့် ကျောင်းသားတဉီးလည်းဖြစ်သဖြင့် ယခုနှစ်ပြုလုပ်သည့် နှစ်ပါတ်လည်စာစီစာကုံးပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာစီစာကုံးများအား တည်းဖြတ်ပေးရသည့် အကဲဖြတ်၊ အမှတ်ပေးဒိုင်အဖွဲ့တွင် ကျွန်တော်ပါဝင်ခွင့်ရပါသည်။ အမှတ်ပေးဒိုင်အဖွဲ့ဝင်တဉီးအနေဖြင့် လက်ရွေးစင်စာစီစာကုံး အပုဒ် ၃၀ ကိုဖတ်ရှုရပြီး အကောင်းဆုံး စာစီစာကုံး ၅ ပုဒ်ကို (ဆုရွေးချယ်ရေးစည်းမျဉ်း စည်းကမ်း များနှင့်အညီ) ရွေးချယ်ကာ စာပေရေးရာ ညွှန်ကြားရေးမှုးများ၊ လုပ်သက်ရင့် (စီနီယာ) ပါမောက္ခများပါဝင်သည့် ဆုရွေးချယ်ရေးဘုတ်အဖွဲ့သို့ တင်ပြရပါသည်။ (ယမန်နေ့ ၊ ၂၀ဝ၇ခု မတ်လ ၂၈ ရက်နေ့က) ပြုလုပ်သည့် အဆိုပါ ဘုတ်အဖွဲ့အစည်းအဝေးသို့ ကျွန်တော်တက်ရောက်ခဲ့ပြီး ကျွန်တော်ရွေးချယ်ပေးလိုက်သော စာစီစာကုံး ၅ ပုဒ်ထဲမှ ၄ ပုဒ်မှာ ဆုရရှိခဲ့ပါသည်။
စာစီစာကုံးပြိုင်ပွဲ၏ခေါင်းစဉ်ကို ဆီလျှော်အောင်ဘာသာပြန်ရပါလျှင် ‘ဤကောလိပ် မှပြောင်းလဲပေးလိုက်သော ကျွန်တော့ဘဝ’ ဟူ၍ ဖြစ်မည်ထင်ပါသည်။ ခေါင်းစဉ်နှင့်ကိုက်ညီသည့်အကြောင်းအရာများကို ထည့်သွင်းရေးသားရေးမှာ စာစီစာကုံးကောင်းတပုဒ်၏ မရှိမဖြစ် လိုအပ်သောအခြင်းအရာတရပ်ဖြစ်ရာ ပြိုင်ပွဲဝင်သူများအနေဖြင့် ဤခေါင်းစဉ်အတွက် သူတို့ဘဝ တစိတ်တဒေသကို ထည့်သွင်းရေးဖွဲ့ကြရပါသည်။ ထိုပြိုင်ပွဲဝင်စာစီစာကုံးများကို ဖတ်ရှု၊ တည်းဖြတ်ရာမှ ကျွန်တော်သတိပြုမိသောအချက်များမှာ
(၁) ပြိုင်ပွဲဝင်သူကျောင်းသားများ၏ ထက်ဝက်ကျော်သည် ဂုဏ်ထူးတန်းကျောင်းသား ကျောင်းသူများဖြစ်ခြင်း
(၂) ဆုရစာစီစာကုံး အားလုံးမှာ ဂုဏ်ထူးတန်းကျောင်းသားများ၏စာစီစာကုံးများ ဖြစ်ခြင်း
(၃) ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူအားလုံး၏ကိုးဆယ် ရာနှုန်းခန့်သည် တိကျသော ဘဝရည်မှန်းချက်ပန်းတိုင်များ ခိုင်ခိုင်မာမာရှိသူများဖြစ်ခြင်း
(၄) မိမိတို့၏ဘဝကို မိမိတို့ကိုယ်တိုင် ရိုးသားသောကြိုးစားအားထုတ်မှုဖြင့် ပြုပြင်ပြောင်းလဲလိုစိတ်ရှိပြီး ရှိသည့်အတိုင်းလည်း ကြိုးပမ်းလုပ်ဆောင်ကြသူများဖြစ်ခြင်း ဟူသည့်အချက်များပင်ဖြစ်ပါသည်။
ပထမဆုရှင်အဖြစ်ရွေးချယ်ခံရသည့် ကျောင်းသူမှာ အမေရိကန်ပြည်ပေါက်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ထိ အခြေခံပညာအထက်တန်းမအောင်ခဲ့သေးသူတဉီးဖြစ်ပါသည်။ တနေ့တွင် ကောလိပ်ကျောင်းတက်နေသည့် သူ့ရည်းစားဖြစ်သူနှင့် ကောလိပ်ကျောင်းသို့အလည်အပတ်သဘောလိုက်လာခဲ့ရာမှ ကောလိပ်ကျောင်းသူတဉီးဖြစ်လိုသည့် ဆန္ဒ သူမ၏ရင်ထဲတွင် ပြင်းပြစွာဖြစ်တည်လာခဲ့ပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲအောင်မြင်ရန်ကြိုးစားပုံ၊ အဆိုပါစာမေးပွဲကို အမှတ်အများဆုံးဖြင့်အောင်မြင်ခဲ့ပုံ၊ ထိုနောက်သူမဝါသနာပါလှသည့် ဓါတ်ပုံရိုက်ခြင်းနည်းပညာဘာသာရပ်ဖြင့် ကောလိပ်စ တက်ခဲ့ပုံများ၊ ဘဝ နာခဲ့ပြီး ဝါသနာပါသည့်ဘာသာရပ်ကိုလေ့လာနေရခြင်း၊ ကောလိပ်တွင်ရရှိထားသည့်သူမ၏ အကောင်းဆုံးအရည်အသွေးများကို ဆက်လက်ထိမ်းသိမ်းထားရှိလိုစိတ်နှင့် ပိုမိုကောင်းမွန်စေရန်အမြဲတစေကြိုးစားနေခြင်းတို့ကြောင့် အောင်မြင်သည့်ကောလိပ်ကျောင်းသူတဉီးဖြစ်လာခဲ့ပုံများ၊ ဤစာစီစာကုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မှုမပြုမီ အခြားဆု နှစ်ဆုကို အခြားပြိုင်ပွဲများမှ လက်ခံရရှိခဲ့ပုံ၊ ကောလိပ်သို့ရည်းစားသည်နှင့်အလည်အပတ်သဘောလိုက်လာခဲ့ရာမှ သူမ၏ဘဝတခုလုံး၊ အနာဂါတ်တခုလုံးပြောင်းလဲစေခဲ့ပုံများ၊ သို့သော် သူမ တဉီးတည်း၏ ကြိုးစားမှုကြောင့် ဤအောင်မြင်မှု အသီးအပွင့်များကို ဆွတ်ခူးရရှိခဲ့သည်မဟုတ်ကြောင်း၊ ကျွန်တော်တို့ကောလိပ်၏ ကြီးကျယ်ခမ်းနားမှု၊ စာအုပ်စာတမ်းများမှသည် အခြားသင်ကြားမှုအထောက်အကူပြုပစ္စည်းများပြည့်စုံလွန်းမှု၊ သင်ကြားသောဆရာ၊ ဆရာမ များ၏ ကြိုးစားမှု၊ မတူညီသောနောက်ခံဘဝမျိုးစုံမှလာကြသည့် ကျောင်းသားများကို မတူ ကွဲပြားသော ချဉ်းကပ်မှုများဖြင့် ချဉ်းကပ်သင်ပြခြင်းများကြောင့်လည်းဖြစ်ကြောင်း စသည်ဖြင့် ဝေဝေဆာဆာ ရေးဖွဲ့ထားသည့် သူမ၏စာစီစာကုံးမှာ ကျွန်တော်တို့ (ဆုရွေးချယ်ရေးဘုတ်အဖွဲ့ဝင်) အားလုံး၏ ရင်ကို စွဲမက်သွားစေသည်မှာ အထူးပြောဖွယ်ရာလိုအံ့မထင်ပါ။
ဤနေရာ၌ ကျွန်တော်အထူးပြောလိုသည့်အချက်တချက်မှာ အောင်မြင်မှုရရှိသူကျောင်းသားအများစု မှာ သူတို့ဘဝတွင် သူတို့ဘာလုပ်မည်၊ အနာဂါတ်တွင် သူတို့ဘယ်လိုစခန်းသွားမည် စသည့် တိကျသေချာသောလမ်းကြောင်းများဖြင့် သူတို့ ‘ဘာ’ ဆိုသည် ကို သူတို့ ခိုင်ခိုင်မာမာ သိရှိထားသူများဖြစ်ခြင်းပင်ဖြစ်ပါသည်။

မှတ်ချက်။ ။ သည်ဆောင်းပါးကို ၂၀ဝ၇ ခုနှစ်အတွင်းတွင် ကျွန်တော်ရေးသားခဲ့ပါသည်။Picture: http://www.bisconsulting.ca/img/seminars/large/goal_setting.jpg

အဉ္ဇန၊ မာလာ၊ ခိုင်စိန်






Wednesday, March 17, 2010

ရည်မှန်းချက်နှင့် ပန်းတိုင် (အပိုင်း ၂) အားကစားပြိုင်ပွဲများ


‘အားကစားပြိုင်ပွဲများ’ ဟု ညွှန်းဆိုလိုက်သည့်အတွက် မည်သည့်အားကစားပြိုင်ပွဲတွေများ ပါဝင်ဆင်နွဲနေပါလိမ့် ဟု လွန်ကျွံမတွေးမိပါစေနှင့်။ ကျွန်တော်က အားကစားပြိုင်ပွဲများ၌ ကိုယ်တိုင်ပါဝင်ဆင်နွဲမှုမရှိသော်လည်း ကြည့်ရှုအားပေးတတ်သူများစာရင်းထဲတွင်တော့ ထိပ်ဆုံး မရောက်လျှင်နေမည်၊ အလယ်အလတ်တော့ကျော်သည် ဟု မိမိကိုယ်မိမိ သေချာစွာယုံကြည်ဖြစ်ပါသည်။ အထူးသဖြင့် ဘောလုံးပွဲများ။ ကမBာ့ဖလားမှ သည် ရပ်ကွက်ပွဲစဉ်တွေအထိ အချိန်နှင့်အခြေအနေပေးလျှင်ပေးသလို ကျွန်တော် ကြည့်ဖြစ်အောင်ကြည့်ပါသည်။ နက်ဖြန်စာမေးပွဲရှိသည်ကိုပင် ယနေ့ဘောလုံးပွဲကောင်းရှိပါက စာဖတ်သည်ကို ခေတ္တရပ်ကာ ထိုပွဲစဉ်ကို ကျွန်တော်အလွတ်မပေးတတ်။ တန်တော့။ ကျွန်တော်ဘောလုံးပွဲကြည့်တတ်သည်ကို အဓိကပြောလိုရင်းမဟုတ်ပါ။
ချီကာဂိုမြို့ထဲတွင် ဇန်နဝါရီလအတွင်းက ကျွန်တော် ဘောလုံးပွဲတပွဲသွားကြည့်ဖြစ်ပါသည်။ ချီကာဂိုမှ ဃ့ငခေါသ င်္ငမန အသင်းနှင့် ဝါရှင်တန်မှလာသည့်ီဃ္ကညငအနိ အသင်းတို့ကန်ကြသည့်ပွဲဖြစ်ပါသည်။ ပွဲစဉ်က အကောင်းကြီးလည်းမဟုတ်သလို အဆိုးကြီးလည်းမဟုတ်။ ကြည့်ပျော်ရှုပျော်လေးတော့ရှိသည်။ ပွဲကြည့်ပြီးအပြန်လမ်းခရီးတွင် သူငယ်ချင်းတယောက်က ‘ဘောလုံးပွဲဆိုတာ တကယ်တွေးကြည့်ရင်တော့ အလုံးလေးတလုံးကို ဟိုဖက်က နေ ဒီဖက်၊ ဒီဖက်က နေ ဟိုဖက် ကို သယ်ယူသွားနေကြတာပဲကွ’ ဟု ရယ်စရာလိုလို တွေးစရာလိုလို ပြောချလိုက်ပါသည်။ ကျွန်တော်ကတော့ ပြုံးပြုံးလေးသာနေလိုက်မိပါသည်။ သို့သော် ကျွန်တော့ခေါင်းထဲတွင်တော့ အတွေးတခုက တံခါးလာခေါက်ပါသည်။
ဘောလုံးပွဲများတွင် ‘ဂိုးသွင်းသည်’ ‘တဖက် ဘယ်နှစ်ဂိုး’ ‘ဂိုးမရှိ သရေ’ အစ ရှိသည်တို့ကို ပြောပြောနေကြသည့် ‘ဂိုး’ွသေူ ဟူသည့်အသုံးအနှုန်းမှာ အမှန်မှာ အင်္ဂလိပ် စကားပင်ဖြစ်သည်။ မြန်မာလို ဘာသာပြန်လျှင် ‘ပန်းတိုင်’ ‘ရည်မှန်းချက်’ ‘ဉီးတည်ချက်’ စ တာတွေဖြစ်ပါလိမ့်မည်။ ဘောလုံးအသင်းတသင်း သို့မဟုတ် ဘောလုံးကစားသမားများ၏ ‘ဂိုး’ သို့မဟုတ် ‘ပန်းတိုင်’ မှာ (ကျွန်တော့သူငယ်ချင်းပြောသလိုပင်) အလုံးလေးကို တဖက်၏ ဂိုးပေါက်ထဲသို့ သွင်းပေးရန်ဖြစ်သည်။ သို့သော်ထိုပန်းတိုင်သို့ချီတက်ရာလမ်းခရီးဝယ် တိတိကျကျစီမံတည်ဆောက်ထားရှိသည့် အေရိယာ အကျယ်အဝန်း ရှိသည်။ တိတိကျကျ သတ်မှတ်ထားရှိသည့် စည်းမျဉ်းစည်းကမ်းများရှိသည်။ တရားမျှတမှု ရှိစေရေးအတွက် ကွင်းလယ်နှင့် ဘေးစည်း တရားသူကြီးများ (ကွင်းလယ် နှင့် အရံ ဒိုင်လူကြီးများ) ရှိသည်။ ကစားသမားဉီးရေကိုလည်း တိကျစွာကန့်သတ်ထားရှိသည်။ တိတိကျကျသတ်မှတ်ထားရှိသည့် ကစားချိန် ရှိသည်။
အပြေးပြိုင်ပွဲဆိုပါစို့။ မီတာ ၁၀ဝ၊ မီတာ ၅၀ဝ ၊ မာရသွန် စသည်ဖြင့်။
ပြေးရမည့် လိုင်းကို တိကျစွာသတ်မှတ်ထားရှိပါသည်။ မဖြစ်မနေလိုက်နာရမည့် ပြိုင်ပွဲစည်းကမ်းများရှိပါသည်။ ဆေးဝါးသုံးစွဲထားရှိမှု ရှိ မရှိ ကို စစ်ဆေးခံရပါသည်။ ပြေးရမည့်အကွာအဝေးအားတိကျစွာသတ်မှတ်ထားရှိပါသည်။ မီတာ ၁၀ဝ ပြိုင်ပွဲဝင် အပြေးသမား တဉီးသည် မီတာ ၁၀ဝ ထက်ပိုပြေး၍မရ။ လျော့ပြေး၍လည်းမရ။ ပိုပြေး၊ လျော့ပြေးပါက ဘာမှအဓိပ္ပါယ်မရှိ။ တနည်းအားဖြင့် သူ့ဉီးတည်ချက်သည် မီတာ ၁၀ဝ ကို မြန်နိုင်သမျှမြန်မြန် ရောက်ရှိနိုင်ရေး၊ မီတာ ၁၀ဝ အကွာတွင်ရှိသည့် ဖြတ်မျဉ်းအား အမြန်ဆုံးနှုံးတခုဖြင့် ဖြတ်ကျော်ရေးဖြစ်သည်။ ၄င်းမှာသူ့ပန်းတိုင် ဖြစ်သည်။
သည်ပြိုင်ပွဲများကိုကြည့်ရင်း၊ ပြိုင်ပွဲပုံသဏာန်များကို သုံးသပ်တွေးတောရင်းဖြင့် အခြင်းအရာ နှစ်ခု ကို ကျွန်တော်ရရှိလိုက်ပါသည်။
(၁) တိကျစွာသတ်မှတ်ထားရှိသည့် ‘ပန်းတိုင်’ သည် ကျွန်တော်တို့ မည်သည့်အလုပ်ကိုပင်လုပ်သည်ဖြစ်စေ၊ မည်သည့်နေရာ၌ဖြစ်စေ၊ မည်သည့်အခြေအနေ၌ဖြစ်စေ မရှိမဖြစ် လိုအပ်သည်။
(၂) ထိုပန်းတိုင်သို့အရောက်ချီတက်ရာ လမ်းခရီး၌ (မိမိလုပ်ချင်တိုင်းလုပ်၍မရ၊ ပြုမူချင်တိုင်း ပြုမူ၍မရ သောသဘောကိုဆောင်သည့်) စည်း၊ ဘောင်၊ အကန့်အသတ်လေးများ ရှိနေသည်။ တနည်းအားဖြင့် ကျွန်တော်တို့၏ လုပ်ကိုင်ဆောင်ရွက်မှုများ၌ လို၍ ပို၍ မရတတ်သည့်၊ ကျော်၍ ချော်၍ မဖြစ်ကောင်းသည့် အခြင်းအရာလေးများ မလွဲမရှောင်သာစွာ တည်ရှိနေသည်။


မှတ်ချက်။ ။ သည်ဆောင်းပါးကို ၂၀ဝ၇ ခုနှစ်အတွင်းတွင် ကျွန်တော်ရေးသားခဲ့ပါသည်။
Picture: http://www.bisconsulting.ca/img/seminars/large/goal_setting.jpg