Friday, October 23, 2009

လင်ကွန်းတို့ရွာ (၁)

အမေရိကန်သမ္မတများထဲတွင် လင်ကွန်းသည် အရပ်အရှည်ဆုံးဖြစ်၏။ အရပ် ၆ ပေ ၄ လက်မခန့်ရှိပြီးကိုယ်အလေးချိန်ပေါင် ၁၈၀ ခန့်ရှိသည်။ လင်ကွန်း၏ မျက်လုံးများမှာ မွဲပြာရောင်ဖြစ်ပြီး ဝဲဘက်မျက်လုံးသည် ယာဘက်မျက်လုံးထက်မဆိုစလောက်အနည်းငယ်မြင့်သည်။ အသက် ၄၈ နှစ်အရွယ်တွင် စာဖတ်မျက်မှန် စတင်တပ်ဆင်ရသည်။ နာရီပေါင်းများစွာ လွှဆွဲခဲ့မှုက သူ၏ရှည်လျှားသောလက်တံများတွင် ခွန်အားဗလပိုမိုပြည့်စုံစေခဲ့သည်။

ပြီးခဲ့သည့်နွေရာသီအတွင်း ကျွန်တော်တို့မိသားစုသည် အမေရိကန်သမ္မတဟောင်းလင်ကွန်းနေထိုင်ကြီးပြင်းခဲ့သည့် ရွာသို့အလည်သွားရောက်ခဲ့ပါသည်။ ရွာ၏အမည်မှာ နယူးဆလန်း ဖြစ်ပြီး ထိုရွာထဲတွင် လှည့်လည်ကြည့်ရှုစဉ်အတွင်း မှတ်တမ်းဓါတ်ပုံအချို့ကို ကျွန်တော်ရိုက်ယူခဲ့ပါသည်။
ထိုဓါတ်ပုံများကို ကျွန်တော်မျှဝေပါရစေ။

သက္ကရာဇ်၁၈၀ဝကျော်ကို ကိုယ်စားပြုသည့် လင်ကွန်းတို့ရွာမှ အခြားအိမ်တစ်လုံး၏မြင်ကွင်း။

ဓါတ်ငွေ့အပူပေးစံနစ်မရှိခဲ့သည့် ထိုခေတ်က ဆောင်းရာသီတွင်း ဆီးနှင်းခဲများ၏ ဒဏ်ကိုကာကွယ်ရန်အလို့ငှါ အိမ်များကို ဤသို့ ခိုင်ခိုင်ခံ့ခံ့ဖြင့် စံနစ်တကျတည်ဆောက်ခဲ့ကြသည်။

သည်အိမ်ရှေ့မှ ရေတွင်းသည် ရခိုင်ပြည်နှင့် အထက်မြန်မာပြည်မှ ကျွန်တော်ရောက်ခဲ့ဘူးသော ရွာတချို့အား လွန်စွာသတိရစေပါသည်။

ဖရုံ၊သခွါး၊ ငရုတ်ပင်များအပါအဝင် အခြားစားသီးပင်များစိုက်ပျိုးထားသည့် စိုက်ပျိုးခြံနှင့် အိမ်တစ်အိမ်။

လင်ကွန်းတို့ခေတ်ဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသမီးတစ်ဉီး ထိုခေတ်က ကြိုးတပ်တူရိယာတစ်မျိုးအားတီးခတ်နေပုံ။ ထိုအမျိုးသမီးကို တူရိယာတီးခတ်ပြပါရန်တောင်းဆိုရာ သူမက စိတ်ပါလက်ပါတီးခတ်ပြပါသည်။ တီးခတ်ဟန်မှာ လှပပြီး နားထောင်၍လည်းအလွန်ကောင်းရာ သီခြင်းတစ်ပုဒ်ဆုံးသည်အထိ ကျွန်တော် နားထောင်နေခဲ့ပါသည်။

(ဆက်လက်ဖေါ်ပြပါမည်။)

No comments:

Post a Comment